အညောင်းထိုင်များသူတစ်ဦးသည် အပျင်းပြေ အနင်းခံလိုက်ရာမှ ခါးနာရောဂါရပြီး နောက်တစ်ရက် နံနက်ပိုင်းတွင် အိပ်ရာထဲမှ မထနိုင်ဖြစ်ရသည်။ နင်းပေးသူက ခါးကို တက်နင်းလိုက်ရာမှ ခါးနာသွားခြင်း ဖြစ်သည်။ အမှန်မှာ ထိုသူတွင် နှစ်ရှည်လများ အထိုင်များသော အလုပ်ကို လုပ်ခဲ့ပြီး ခါးကျီးပေါင်း တက်ရောဂါ ရှိနေသည်ကို သတိမပြုမိပဲ အနင်းခံလိုက်ရာမှ အခန့်မသင့်သောကြောင့် ခါးရိုးဆစ်ကျီးပေါင်းနှင့် အာရုံကြော ဖိညှပ်မိခြင်း ဖြစ်သည်။ အိပ်ပျော် သွားသောအခါ တစ်ညလုံး ညှပ်မိနေသော အာရုံကြောသည် ရောင်လာသဖြင့် နံနက်နိုးထ ချိန်တွင် မထနိုင်တော့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အပျင်းပြေ၊ အညောင်းအညာပြေ အနင်းခံရင်း ခါးနာသွားသူများမှာ အသက် ၄ဝ ကျော်သူများ ဖြစ်သည်ကို သတိပြုမိသည်။
ခါးနာခြင်း အမျိုးမျိုး ရှိသည်-
(၁) ဒဏ်ကြောင့်ဖြစ်သော ခါးနာခြင်း၊
(၂) ကျီးပေါင်းတက်၍ဖြစ်သော ခါးနာခြင်း၊
(၃) အသက်အရွယ်ကြောင့်ဖြစ်သော ခါးနာခြင်း၊
(၄) ကျောက်ကပ် စသော ကိုယ်တွင်းကလီစာ တစ်ခုခု ချို့ယွင်းသဖြင့် ဖြစ်ပေါ်လာသော ခါးနာခြင်း၊
(၅) ပိုးကြောင့်ဖြစ်သော ခါးနာခြင်း (ဥပမာ- ခါးရိုးဆစ် တီဘီရောဂါ) တို့မှာ အဖြစ်များသော ခါးနာရောဂါ မျိုးများဖြစ်သည်။
အထက်ပါ ခါးနာရောဂါ (၅)မျိုးတွင် မပါဘဲ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးမျိုးတို့တွင် လွဲမှားစွာ နေထိုင် ကျင့်သုံးမိသဖြင့် ဖြစ်ရသော ခါးနာရောဂါ မျိုးလည်း တွေ့ရဖူးသည်။ ဆောင်းဥတုကဲ့သို့ အေးသော ရာသီဥတုတွင် အနင်းမခံသင့်ပေ။ ခါးဆိုင်းကြောကြွက်သားများသည် အေး၍ ကျုံ့ပြီး တောင့်တင်းနေသောအခါ နင်းပေးသူ၏ ခန္ဓာကိုယ် အလေးချိန်ဒဏ်ကို လိုက်ပြီး ပျော့ပျောင်းမပေးနိုင် သဖြင့် ကြွက်သားများတွင် ဒဏ်နာ၊ အသားကြေနာ ရသွားတတ်သည်။ အနင်းခံပြီဆိုလျှင် နင်းပေးမည့် သူ၏ ကိုယ်အလေးချိန်ဒဏ်ကို မိမိကြွက်သားက ခံနိုင်ရည် ရှိ၊ မရှိ ဦးစွာစဉ်းစားဖို့ လိုသည်။ ခံနိုင်ရည် ရှိသည့်တိုင် အေးသောအချိန်၊ ရေချိုးပြီးစ အချိန်တို့တွင် အနင်းမခံသင့်ပေ။
အနောက်တိုင်းဆေးပညာတွင် မတွေ့ရသော မြန်မာ လူမျိုးများတွင် ရိုးရာဓလေ့ အသုံးအဆောင်ကြောင့် ဖြစ်ရသော ခါးနာတစ်မျိုးရှိသည်။ အနှိပ်သည်ဖု ခေါ် သစ်သားဖုလုံး နှစ်ခုကို ခါးအောက်တွင် ထောက်ထားပြီး အိပ်သည့်ဓလေ့ ဖြစ်သည်။ အနှိပ်သည်ဖုများကို ဘုရားစောင်းတန်းဆိုင် များတွင် ရောင်းချနေသည်ကို ယနေ့တိုင် တွေ့မြင် နေရဆဲ ဖြစ်သည်။ ခါးအောက်တွင် ထောက်ထားသော ဖုလုံးနှစ်ခုသည် ခါးကြောရိုး မကြီး ဘေးနှစ်ဖက်သို့ ဖြာထွက်သော အာရုံကြော များကို ဖိထောက်ထားသဖြင့် ခြေဖဝါးထိအောင် ထုံကျဉ်ပြီး အပူထုတ်သကဲ့သို့ ရှိန်းခနဲ ခံစားရသည်ကို နှစ်သက်ပြီး ပြုလုပ်ကြခြင်း ဖြစ်သည်။
တစ်ခါတစ်ရံ အနှိပ်သည်ဖု ခါးတွင် ထောက်လျက် အိပ်ပျော်သွားရာမှ ခါးဆစ် အာရုံကြော နှင့် အရွတ်တုံးများ ရောင်ပြီး ခါးနာရောဂါရကာ အိပ်ရာထဲမှ လနှင့်ချီပြီး မထနိုင်လောက်အောင် ဒုက္ခကြုံရသူများကို တွေ့ရဖူးသဖြင့် အလွန် မသုံးကြရန် သတိပေးလိုပါသည်။
အမှုမဲ့ အမှတ်မဲ့ ပြုမိသော အနင်းခံခြင်း၊ အနှိပ်ခံခြင်း၊ အနှိပ်သည် ဖုလုံးစွဲခြင်း၊ မနိုင်သော ဝန်ကို ကုန်း၍မခြင်း၊ ပျော့လွန်းသောမွေ့ရာဖြင့် အိပ်စက်သဖြင့် ခါးနာခြင်း၊ အထိုင်များ လမ်းလျှောက်နည်း၍ ကျီးပေါင်းတက် ခါးနာခြင်း များကို သတိပြုသင့်ကြောင်း တင်ပြလိုက်ရ ပေသည်။်
Posted via Blogaway


0 comments:
Post a Comment